မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှာ စက်တင်ဘာ(၂၄)ရက် မနက်အစောပိုင်းက အဆောက်အဦပြိုကျမှုဖြစ်ပွားပြီး လူ(၅)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာ(၂၄)ရက် မနက်အစောပိုင်း(၂)နာရီ(၅)မိနစ်အချိန်လောက်က အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ လမ်း၂၀ ၊ ၈၆-၈၇လမ်းကြားမှာ အဆောက်အဦပြိုကျမှု ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
အခင်းဖြစ်နေရာကို အောင်မြေသာစံမြို့နယ်မီးသတ်စခန်းက အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီးတို့နဲ့ အတူ မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် လူ(၅)ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီအထဲက(၂)ယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေ တယ်လို့ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ စေတနာမေတ္တာဂရုဏာအသင်းက သူနာတင်ယာဉ် (၁)စီး၊ ချမ်းသာသုခအသင်းက သူနာတင်ယာဉ်(၁)စီးတို့နဲ့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့