မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်း အာရှရေငှက်မျိုးစိတ် စာရင်းတွေကို ဇန်နဝါရီ (၂၀)ရက်ကနေ (၂၂)ရက်ထိ (၃)ရက်တာ ကောက်ယူခဲ့ကြရာ မျိုးစိတ်ပေါင်း (၃၀)ကျော်လောက် တွေ့ရှိခဲ့တယ်လို့ ရွှေကန်သာယာ သဘာဝဝန်းကျင်ထိန်းသိမ်းရေးအသင်းက သိရပါတယ်။

ရေငှက်တွေစာရင်းကောက်တဲ့အခါ ရေဘဲအုပ်စုကို အဓိကထား ကောက်ယူခဲ့တာဖြစ်ပြီး ရေငှက် ဝင်ရောက်ရာ လမ်းကြောင်းဖြစ်တဲ့ တံတားဦးမြို့နယ်ရှိ ပြူကန်၊ ပလိပ်အင်းနဲ့ ဘနောအင်း တွေမှာ စာရင်းကောက်ယူတာတွေ ပြုလုပ်ခဲ့ကြတာပါ။ငှက်မျိုးစိတ်တွေကတော့ အရင်နှစ်တွေက တွေ့ရတဲ့ ငှက်မျိုးစိတ်တွေဖြစ်ပြီး တွေ့ရှိမှုအနေနဲ့ အရင်နှစ်က တွေ့ရှိ မှုများတဲ့ နေရာမှာ နည်းပါးခဲ့ပြီး တွေ့ရှိမှုနည်းတဲ့ နေရာတွေမှာတော့ များပြားလာတယ်လို့ ရွှေကန်သာယာ သဘာဝဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အဲဒီအာရှရေငှက်မျိုးစိတ်တွေကို ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအသင်းနဲ့ ရွှေကန်သာယာ သဘာဝဝန်းကျင်ထိန်းသိမ်းရေးအသင်းတို့ ပူးပေါင်းပြီး ငှက်ဝါသနာရှင်တွေက ကောက်ယူခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။