ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရဲစုတောင်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ ဩဂုတ် ၂၉ ရက် မနက်ပိုင်းက ယာဉ်တိုက်မိမှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်ကြောင့် ယာဉ်မောင်းတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်၊၊
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၉ ရက် မနက် ၉ နာရီ ၄၆ မိနစ် အချိန်လောက်က ရန်ကုန်-ပြည်လမ်းပေါ်မှာ YBS ယာဉ်နဲ့ ကုန်တင်ယာဉ်တို့တိုက်မိမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်၊၊
အခင်းဖြစ်နေရာကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းတပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ရာ YBS ယာဉ်မောင်းမှာ ကားခေါင်းခန်းအတွင်းညပ်နေတာကြောင့် မိနစ် ၄၀ ကျော်ကြာ ကယ်ထုတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေသိရပါတယ်၊၊
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ YBS ယာဉ်မောင်းကို ကြက်ခြေနီအသင်းက သူနာတင်ယာဉ်နဲ့လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်းသိရတယ်။