ရန်ကုန်မြို့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူ ပူဇော်တဲ့ မဟာကုသိုလ်တော်အောင်ပွဲ အထိမ်းအမှတ် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပွဲ အခမ်းအနားကို ဇွန်လ၁၀ရက်က ကျင်းပခဲ့ပါတယ်။အခမ်းအနားမှာ စေတီတော်မြတ်ကြီးကို ဆရာတော်ကြီးတွေနဲ့ ပင့်သံဃာတော် ၁၀၈ ပါးတို့က ဆံတော်တိုက် ပတ်လည်နဲ့ အာရုံခံတန်ဆောင်းတွေမှာ ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ကြပါတယ်။

အဲဒီနောက် ရွှေသင်္ကန်းလှူဒါန်းမှုအောင်ပွဲ ရေစက်ချအနုမောဒနာ မင်္ဂလာအခမ်းအနားကို စေတီတော်ရင်ပြင်ရှိ တိုးချဲ့ဓမ္မ ရင်ပြင် မင်္ဂလာအခမ်းအနားမှာ ဆက်လက်ကျင်းပခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင် မင်းကျောင်းဆရာတော်အမှူးပြုတဲ့ ဆရာတော်ကြီးတွေ၊ ပင့်သံဃာတော်တွေ ကြွရောက်တော်မူကြပြီး ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့အဖွဲ့၊ တာဝန်ရှိသူတွေ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တွေ၊ အလှူရှင် တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ကြည်ညိုပါတယ်။တက်ရောက်လာတဲ့ ဧည့်ပရိတ်တွေက သန်လျင်မင်းကျောင်းဆရာတော်ထံကနေ ကိုးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော်၊ သံဃာတော်တွေ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူတဲ့ ပရိတ်တရားတော်တွေကို နာယူကြ ပါတယ်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သာသနာရေးဆိုင်ရာတွေကို လျှောက် ထားပြီး တက်ရောက်လာသူတွေက ဆရာတော်ကြီးတွေနဲ့ ပင့်သံဃာတော်တွေကို လှူဖွယ်ပစ္စည်းတွေ ဆက်ကပ် လှူဒါန်းကြပါတယ်။အဲဒီနောက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရဲ့ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃမဟာနယကအဖွဲ့ဥက္ကဋ္ဌဆရာတော်က ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ဝမ်းသာပီတိမုဒိတာစကား မိန့်ကြားတော်မူခဲ့တယ်လို့ သိရပါတယ်။