ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှာ နှစ်လကျော်ကြာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ် အလောင်းကို ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းက ဖျာပုံ-ဘိုကလေးကားလမ်းဘေးမှာ တွေ့ရှိခဲ့တယ်လို့ ကရုဏာရှင် လူမှုကူညီရေးအသင်း (ဖျာပုံ)က One News ကို ပြောပါတယ်၊၊

ဖြစ်စဉ်မှာ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာနဲ့ သကံ ဂွကြီး ကျေးရွာအနီး၊ ဖျာပုံ-ဘိုကလေးကားလမ်းဘေးမှာ လူအရိုးစုတွေကို အရင်ဆုံးတွေ့ခဲ့တယ်လို့ ဆိုပါတယ်၊၊အဲဒီလို တွေ့ရှိခဲ့တာကြောင့် ကရုဏာရှင်လူမှုကူညီရေးအသင်း(ဖျာပုံ)က သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ဖျာပုံပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်၊၊တွေ့ရှိတဲ့ အရိုးစုကို စစ်ဆေးရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်က ပျောက်ဆုံးသွားတဲ့ ဖျာပုံမြို့နယ်၊ ကျုံတာ ကျေးရွာနေ မဖူးဖူးရွှေစင်ရဲ့ ရုပ်အလောင်းဖြစ်ပြီး သေဆုံးသူ အမျိုးသမီးရဲ့လက်မှာ ဝတ်ဆင်ထားတဲ့ ဟန်းချိန်းက လည်း မဖူးဖူးရွှေစင်ရဲ့ ဟန်းချိန်းဖြစ်ကြောင်း မိသားစုဝင်တွေက အတည်ပြုတယ်လို့ ဆိုပါတယ်၊၊

အဲဒီအမျိုးသမီးဟာ ဖေဖော်ဝါရီလ ၂၁ ရက်က နေအိမ်ကနေ ဆိုက်ကယ်နဲ့ထွက်သွားပြီးနောက် အိမ်ကိုပြန်မလာဘဲ ပျောက်ဆုံးသွားတာဖြစ်ပြီး ဧပြီလ ၂၉ ရက်မှ အခုလို ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်၊၊အဲဒီအမျိုးသမီး သေဆုံးရတဲ့အကြောင်းရင်းကို ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊