ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့အဝင်တံတား ဖျာပုံတံတား အဆင်းမှာ ဒီကနေ့ ဧပြီလ (၂၉)ရက် မနက်ပိုင်းက ကုန်ကားတစ်စီး ဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ယောက်သေဆုံးပြီး အမျိုးသားတစ်ယောက် ပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ဧပြီ(၂၉)ရက် မနက်(၇)နာရီအချိန်လောက်က ဖျာပုံတံတားဆင်းမှာ ရန်ကုန်ဘက်ကဆင်းလာတဲ့ ကုန် ကားက ဘရိတ်ပေါက်ပြီး လမ်းဘေးမှာ မောင်နှင်လာတဲ့ ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့တာ ဖြစ် တယ်လို့ ဆိုပါတယ်၊၊

အဲဒီလိုတိုက်မိတာကြောင့် ဆိုင်ကယ်ပေါ်က အမျိုးသမီးတစ်ယောက်မှာ ခန္ဓာကိုယ် ထက်ပိုင်းပြတ်လုနီးပါး ဒဏ်ရာ နဲ့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသားတစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာနဲ့ ဖျာပုံဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ အသက်(၅၃)နှစ်အရွယ် ဒေါ်အေးအေးမြင့် ဖြစ်ပြီး ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတို့က လင်မယားတော်စပ်ကာ ဖျာပုံမြို့ အမှတ်(၁၅)ရပ်ကွက်မှာ နေထိုင်တယ်လို့ သိရပါတယ်၊၊ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ဖျာပုံမြို့မ ရဲစခန်းက အမှုဖွင့် စစ်ဆေးအရေးယူနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။