ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးလမ်းဆုံမှာ ဩဂုတ် ၃၀ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲလောက်က စက်သုံးဆီတင်ယာဉ်နဲ့ကုန်တင်ယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။
အဲဒီ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ဘုရားကြီးနယ်မြေ မီးသတ်စခန်း မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့နဲ့ မီးလောင်မှုမဖြစ်ပွားစေရေး ထွက်ခွာငြိမ်းသတ်ခဲ့တယ်လို့ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၉၇)မိုင်(၂)ဖာလုံနဲ့ ၃ ဖာလုံကြားမှာ ဩဂုတ် ၂၉ ရက်၊ မနက်ပိုင်းက ခရီးသည်တင်ယာဉ်နဲ့ အိမ်စီးကားတို့ တိုက်မိမှုဖြစ်ပွားပြီး ခုနစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။