ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်ရေးအတွက် ရရှိနိုင်သမျှ အရင်းအမြစ်မျိုးစုံကနေ တိုးချဲ့ထုတ်လုပ်နိုင်ဖို့ စီမံဆောင်ရွက်နေ တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖြေကြားထားပါတယ်။
ဇူလိုင်လအတွင်း ဓာတ်အားထုတ်လုပ်နိုင်မှုအပေါ် မူတည်ပြီး အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးထားပေမယ့် ရံဖန် ရံခါ ဓာတ်အားစနစ်မှာ ထုတ်လုပ်မှုနဲ့ သုံးစွဲမှု မညီမျှတဲ့အတွက် ဝန်အားထိန်းညှိရတာ၊ မိုးသက်လေပြင်းကျပြီး လိုင်းအပြစ် ဖြစ်ပေါ်တာ၊ ဓာတ်အားခွဲရုံနဲ့ ဓာတ်အားလိုင်းတွေ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ မဖြစ်မနေ ဆောင်ရွက်ရတာတွေကြောင့် အမှန်တကယ် အလှည့်ကျဓာတ်အားရရှိမယ့် အချိန်တွေမှာလည်း ယာယီဓာတ်အား ပြတ်တောက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မြန်မာပြည်မြောက်ပိုင်းက ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို တောင်ပိုင်းကို တောင့်တင်းစွာ ပေးပို့နိုင်ဖို့ ဆောင်ရွက်နေရာ ၅၀၀ ကေဗွီ ဘုရားကြီး(ကမာနတ်)- အနောက်ပိုင်းတက္ကသိုလ်(လှိုင်သာယာ) ဓာတ်အားလိုင်း စီမံကိန်းကို အမြန်ဆုံးတည်ဆောက်ပြီးစီးရေးအတွက် ဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဲဒီလို ဆောင်ရွက်နေရာ ဓာတ်အားလိုင်း လိုင်းအူကြောင်းပေါ် ကျရောက်နေတဲ့ ရန်ကုန်မြို့ကို အဓိကဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေတဲ့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းတွေ ဖြစ်တဲ့ ဝါးတရာ-အနောက်ပိုင်းတက္ကသိုလ်၊ ဝါးတရာ-လှိုင်သာယာ၊ မြောင်းတကာ-လှော်ကား၊ မြောင်းတကာ-ဝါးတရာ နှင့် မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်း တွေ ဓာတ်အားပိတ်လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရတဲ့အတွက် ဝန်အားထိန်းညှိ ဓာတ်အားဖြန့်ဖြူးပေးတာတွေကို ပြုလုပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အဲဒါကြောင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု လျော့နည်းနေတဲ့အပေါ် ပိုမိုဖြန့်ဖြူးနိုင်ဖို့အတွက် ဖျက်ဆီးခံရတဲ့ ဓာတ် အားလိုင်းတွေကို ပြန်လည်ပြုပြင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပြီး ရရှိနိုင်သမျှ အရင်းအမြစ်မျိုးစုံတို့ကနေ ဓာတ်အား တိုးချဲ့ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်နေတယ်လို့လည်း ဖြေကြားထားပါတယ်။