ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်၊ A ၁၁ လမ်း၊ တိုက် ခန်းတစ်ခန်းမှာ ဇူလိုင် ၂၈ ရက်၊ ညပိုင်းက မီးစက်ဖွင့် အိပ်ပျော်နေတဲ့ လူသုံးယောက်ဟာ မီးခိုးမွှန်ပြီး မေ့မြောမှု ဖြစ် ပွားခဲ့တယ်လို့ အခင်းဖြစ်ရပ်မှာ သွားရောက်ကူညီခဲ့တဲ့ စစ်တောင်းရိပ်မွန် နာရေးနှင့်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မီးပျက်နေချိန် မီးစက်မောင်းပြီး အဲယားကွန်းဖွင့်ထားရာက တိုက်ခန်းမှာ နေထိုင်သူ ၃ ယောက်ဟာ မီးခိုးမွှန်ပြီး သတိလစ် မေ့မြောခဲ့တာလို့ ဆိုပါတယ်။ သတိလစ်မေ့မြောသူ လူနာသုံးယောက်ကို လူမှုကူညီရေးအသင်းတွေက သွားရောက်ကူညီခဲ့ပြီး ရန်ကုန် ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ စစ်တောင်းရိပ်မွန်နာရေးနှင့် လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။ လက်ရှိမှာတော့ သတိလစ် မေ့မြောခဲ့တဲ့ လူနာ ၃ ယောက်ရဲ့ ကျန်းမာရေး အခြေအနေဟာ သက်သာကောင်းမွန် လာပြီး စိုးရိမ်ဖွယ် အခြေအနေ မရှိတော့ဘူးလို့ သိရပါတယ်။