လတ်တလော ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ထဲမှာ ဒေသခံအများစု ဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ကျောက်မဲမြို့ နမ့်ခုံးရှမ်းများ ပရဟိတအသင်းရဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
ကျောက်မဲမြို့ပေါ်မှာတော့ ပြီးခဲ့တဲ့ သုံးရက်လောက်ကစပြီး တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး ဇွန်လ ၂၈ ရက်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဇွန်လ ၂၇ ရက်ကတော့ ရုပ်အလောင်း ၂၃ လောင်းကောက်ယူ ထားပြီး ဇွန်လ ၂၈ ရက်၊ နေ့လယ်ပိုင်းအထိ ရုပ်အလောင်း ၆ လောင်း ကောက်ယူရရှိထားတယ်လို့ ကျောက်မဲမြို့ နမ့်ခုံးရှမ်းများ ပရဟိတအသင်းရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ကျောက်မဲမြို့ပေါ်မှာ နေထိုင်တဲ့ ဒေသခံ အများစုကတော့ မြို့ပြင်နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အတွက် မြို့ပေါ်မှာ အသွားအလာ မရှိသလောက် ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
