(၇၇)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနားကို မေလ(၂၀)ရက်မှာ ကျင်းပဖို့ သတ်မှတ်ခဲ့ပေမယ့် အဲဒီရက်အစား မေ(၂၂)ရက်ကို ရက်ပြောင်းလဲကာ ကျင်းပမှာဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အဲဒီချီးကျူးပူဇော်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကြီးမှူးကျင်းပတာ ဖြစ်ပြီး အခမ်းနားကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အခမ်းအနားကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒစရိယ ဆရာတော်ကြီးတွေ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးတွေ၊ တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော်တွေ၊ ပုစ္ဆကဆရာတော်တွေ၊ ကြီးကြပ်ရေး ဆရာတော်တွေနဲ့ ပင့်သံဃာတော်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ဒါ့အပြင် အခုနှစ်အတွင်း အောင်မြင်တော်မှုကြတဲ့ တိပိဋကဓရ တိပိဋက ကောဝိဒ တစ်ပါး အပါအဝင် စုစုပေါင်း သံဃာတော် (၁၂၈)ပါးကိုလည်း လှူဖွယ်ဝတ္ထုပစ္စည်းတွေနဲ့ ချီးကျူးပူဇော်မှာ ဖြစ်တဲ့အတွက် အလှူရှင်တွေအနေနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေကို သာသာနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲကို ဆက်သွယ် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။