ငလျင်ဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ အသုံးပြုနိုင်ဖို့ တရုတ်နိုင်ငံက ထောက်ပံ့ပေးတဲ့ စက်သုံးဆီတန်ချိန် ၁၇ ,၀၀၀ ထပ်မံရောက်ရှိလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ပါတယ်။အဲဒီစက်သုံးဆီတွေဟာ မေလ(၈)ရက်က ရန်ကုန်သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့တာဖြစ်ပြီး တရုတ်သံမှူး Mr. Ouyang Daobing (အိုးယန်းသောက်ပင်း)က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းကို လွှဲပြောင်းပေးအပ် ခဲ့တာပါ။ အခုရောက်ရှိလာတဲ့ စက်သုံးဆီတွေကို ငလျင်ဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ အသုံးပြုဖို့ စွမ်းအင်ဝန်ကြီးဌာနကို ဆက်လက်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာငလျင်ဘေးအတွက် စက်သုံးဆီ တန်ချိန် ၅၀,၀၀၀ ထောက်ပံ့ဖို့ ကတိပြု ထားတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ပထမအကြိမ်အဖြစ် မေလ(၂)ရက်က စက်သုံးဆီတန်ချိန် ၁၈,၀၀၀ ရောက်ရှိခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အခုမေလ ၈ ရက်မှာ စက်သုံးဆီတန်ချိန် ၁၇,၀၀၀ ထပ်မံရောက်ရှိလာတာပါ။အခုရောက်ရှိလာတဲ့ အကူအညီတွေဟာ ၁၂ ကြိမ်မြောက် ရှိပြီဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာငလျင်ဘေး အတွက် ယွမ် တစ်ဘီလီယံ ထပ်မံကူညီပံ့ပိုးမယ်လို့လည်း ဧပြီ ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။