မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ကို ဇူလိုင် ၂၃ ရက်မှာ တပ်မတော်က အလုံးစုံ ပြန်လည်သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။TNLA နဲ့ PDF ပူးပေါင်းအဖွဲ့က ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၈ ရက်ကစပြီး မိုးမိတ်၊ မိုးကုတ်မြို့နယ်တွေက တစ်ဆင့် သပိတ်ကျင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်စခန်းတွေ၊ တပ်ရင်း/တပ်ဖွဲ့နဲ့ မြို့/ရွာတွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့ကို မကျဆုံးစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပြင်းအထန် ခုခံခဲ့ပေမယ့် ထိခိုက်ကျဆုံး ဒဏ်ရာရမှု များလာတာနဲ့ ရန်သူအင်အား အဆမတန် များပြားလာတဲ့အတွက် ကြားခံစစ် အဆင့်ဆင့်နဲ့ ဆုတ်ခွာပြီး ၇ မိုင် ကျေးရွာအနီးက နယ်မြေခံ တပ်ရင်းဌာနချုပ်မှာ ခံစစ်ဆင်နွှဲကာ တန်ပြန်တိုက်ခိုက်နိုင်ဖို့ လိုအပ်တဲ့ စစ်ရေး ပြင်ဆင်မှုတွေကို လေကြောင်းထောက်ပံ့ပို့ဆောင်ရေးစနစ်နဲ့ အချိန်ယူဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့မှုတွေ ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး လေကြောင်းနဲ့ရေကြောင်း ပစ်ကူတွေ၊ လက်နက် ကြီး ပစ်ကူတွေနဲ့ ပူးပေါင်းကာ မြေပြင်၊ ဝေဟင်၊ ရေပြင် ဟန်ချက်ညီ ပေါင်းစပ်ပြီး တပ်မတော် စစ်ကြောင်းတွေက ပြန်လည်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်မှာ သပိတ်ကျင်းမြို့နယ် အတွင်းရှိ ၆ မိုင် ကျေးရွာ၊ ဇူလိုင် ၅ ရက် မှာ ၅ မိုင်ကျေးရွာ၊ ဇူလိုင် ၁၇ ရက်မှာ ၄ မိုင်ကျေးရွာနဲ့ ကျေးရွာအနီး တာဝါတိုင်ကုန်းကို အသီးသီး ပြန်လည် သိမ်း ပိုက်နိုင်ပြီး ဇူလိုင် ၂၃ ရက်မှာ သပိတ်ကျင်းမြို့ကို အလုံးစုံပြန်လည် သိမ်းပိုက်ထိန်းချုပ်ခဲ့တာလို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့နဲ့ ဒေသတစ်ဝိုက်ကို ပြန်လည် သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေးကာလ ၁၁ လအတွင်း တိုက်ပွဲကြီး ၁၇ ကြိမ်၊ ထိတွေ့မှု ၄၅ ကြိမ် ရှိခဲ့ပြီး ရန်သူ့ဆီက အလောင်း ၅၁ လောင်းအပြင် လက်နက်မျိုးစုံ ၁၁၂ လက်နဲ့ ဆက်စပ် ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့ပါတယ်။လက်ရှိမှာတော့ သပိတ်ကျင်းမြို့အတွင်း ယာယီနေရပ် စွန့်ခွာခဲ့ကြတဲ့ ဒေသခံပြည်သူတွေ အန္တရာယ်ကင်းစွာ ပြန် လည် ဝင်ရောက်နေထိုင်နိုင်ဖို့ မြို့တွင်း မိုင်းရှင်းလင်းတဲ့ လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီး အစိုးရအုပ်ချုပ်မှု ယန္တရား၊ စာသင်ကျောင်းတွေ ဆေးရုံတွေ အမြန်ဆုံး လည်ပတ်နိုင်ရေး စီမံဆောင်ရွက်နေတယ်လို့ ထုတ်ပြန် ထားပါတယ်။