နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဗုဒ္ဓဂါယာလမ်းမှာ စက်တင်ဘာ(၂၂)ရက်က ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်မှာလူ(၁)ယောက်သေဆုံးကာ (၁)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
တိမ်းမှောက်ခဲ့တဲ့ ဆီဘောက်ဆာယာဉ်ဟာ စက်တင်ဘာ(၂၂)ရက်၊ နေ့လယ်ပိုင်းလောက်က ပုဗ္ဗသီရိ မြို့နယ်၊ ဗုဒ္ဓဂါယာလမ်း၊ မိုင်တိုင်အမှတ်(၃)မိုင်(၇)ဖာလုံ၊ သပြေစမ်းကျေးရွာအနီးမှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
အခင်းဖြစ်နေရာကို ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာနဲ့ မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးတဲ့လုပ်ငန်းတွေသွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းအမျိုးသား(၁)ယောက်သေဆုံးပြီး ယာဉ်နောက်လိုက်အမျိုးသား(၁)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူကို သဗ္ဗသုခပရဟိတအသင်းယာဉ်နဲ့ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်းသိရပါတယ်။