စစ်ကိုင်းမြို့ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲမှာ အလှူရှင်တွေရဲ့ လှူဒါန်းမှု ကျပ်သိန်း တစ်သောင်းခွဲကျော် ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဆီက သိရပါတယ်။အဲဒီ အလှူငွေပေးအပ်လှူဒါန်းပွဲကိုတော့ မေ ၂၉ ရက်က စစ်ကိုင်းမြို့၊ အသင်္ခယာရိပ်သာ ဧည့်ခန်းမမှာ ကျင်းပ ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နဲ့ တိုင်းအစိုးရအဖွဲ့ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ တာဝန် ရှိသူတွေနဲ့ အလှူရှင်တွေ တက်ရောက်ကြပါတယ်။

အခမ်းအနားမှာ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၁ မိနစ် ငြိမ်သက်ကာ ဦးညွတ်အလေးပြုခဲ့ကြပါတယ်။ငလျင်သင့်ပြည်သူတွေအတွက် နိုင်ငံတော်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကူညီထောက်ပံ့ပေးအပ်မှု တွေကို အချိန်နဲ့တစ်ပြေးညီ စနစ်တကျ လက်ဝယ်ရောက်အောင် စီမံကြီးကြပ် စီစဉ်ဆောင်ရွက်ပေးနေပြီး အလှူ ငွေ ပေးအပ်လှူဒါန်းတဲ့အပေါ် အထူးကျေးဇူးတင်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောပါတယ်။

အဲဒီနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေထံ အလှူရှင် ၁၁၄ ယောက်က စုစုပေါင်း အလှူငွေ ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော်ကို အသီးသီး ပေးအပ်လှူဒါန်းပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပြန်လည် ပေးအပ်ခဲ့ကြပါတယ်။မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သေဆုံးသူ ၅၄၅ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၉၄၅ ယောက်၊ လူနေအိမ် ၄၅၀၀ ကျော်၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦတွေနဲ့ အင်းဝတံတား အပါအဝင် ပျက်စီးဆုံးရှုံး မှုတွေ များပြားခဲ့ပါတယ်။