တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်အတွင်းရှိ ခိုကျွန်းဒီရေတော၊ ဆလုံတောင်ကျွန်း ဒီရေတောနဲ့ ဆင်ကူးကျွန်းဒီရေတောတွေကို ကြိုးပြင်ကာကွယ်တောအဖြစ် ဇူလိုင်(၂၂)ရက်ကစပြီး သတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ခိုကျွန်းဒီရေတောက ၂၃၃၇၀ ဧက၊ ဆလုံတောင်ကျွန်း ဒီရေတောက ၁၁၇၈၆ ဒသမ ၈ ဧကနဲ့ ဆင်ကူးကျွန်း ဒီရေတောက ၉၆၀၄ ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီဌာနအနေနဲ့ ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေဖို့၊ ဇီဝမျိုးစုံမျိုးကွဲတွေ ပေါကြွယ်ဝစေဖို့၊ လှိုင်းဒဏ်/လေမုန်တိုင်း ဒဏ်ခံစားရတာတွေကို သဘာဝတံတိုင်းကြီးတွေ သဖွယ် ကာကွယ်ဖို့နဲ့ ဒေသခံပြည်သူတွေအတွက် သား၊ ငါး၊ ကဏန်း၊ ပုစီန်စတဲ့ ရေသယံဇာတတွေ စဉ်ဆက် မပြတ် ထုတ်ယူသုံးစွဲနိုင်ဖို့၊ ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး ဒီရေတော ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောတွေ ဖွဲ့စည်းသတ်မှတ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ဒီရေတော ကြိုးပြင်ကာကွယ်တောတွေ သတ်မှတ်လိုက်တဲ့အတွက် ဒီရေတောအဓိကသစ်မျိုးတွေဖြစ်တဲ့ ဗြူးခြေ ထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ လဘ၊ ကနစို၊ သမဲ့၊ ကျန၊ မဒဓ၊ ပင်လယ်အုန်း စတဲ့ သစ်မျိုးတွေနဲ့ သရော၊ နှံဗြူး(ငှက်)နဲ့ ဓနိပင် စတဲ့ ဒေသမျိုးရင်းဒီရေတောသစ်မျိုးတွေကို ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်၊၊

အဲဒါအပြင် ဗျိုင်း၊ ဗျိုင်းအောက်၊ စွန်၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ခရုစုပ်ငှက်၊ ရေညှောင့်နှုတ်ဝိုင်းငှက်၊ တင်ကြီးငှက်၊ ငှက်တုံးငှက် စတဲ့ ငှက်မျိုးတွေရဲ့ နေရင်းဒေသကို ထိန်းသိမ်းနိုင်မှာဖြစ်သလို သား၊ ငါး၊ ကဏန်း၊ ပုစွန်တွေ ရှင်သန် ပေါက်ဖွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေတာ၊ ဒီရေတောတွေဟာ အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါတဲ့ ဂေဟစနစ်တစ်ခုဖြစ်တာနဲ့ သဘာဝဘေးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်တာ စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်၊၊