KNU ၊ KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့ထားတဲ့ ကျုံဒိုး-ကော့ကရိတ် ပြည်ထောင်စုကားလမ်းမကြီးကို ဇူလိုင် ၂၄ ရက်မှာ တပ်မတော်စစ်ကြောင်းတွေက ပြန်လည်ထိန်းချုပ် ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ပူးပေါင်းအဖွဲ့တွေဟာ ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းပိုင်းကစပြီး သာလွန်အင်အားတွေနဲ့ ကော့ကရိတ်-သင်္ဃန်းညီနောင် လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့မြောက်ဘက်နဲ့ တောင်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ ကော့ကရိတ် မြို့ထဲ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့တဲ့အပြင် အဝေးကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် ပြည်သူတွေ ယာယီနေရပ်စွန့်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

တပ်မတော်စစ်ကြောင်းတွေက မြို့တွင်းခုခံစစ်ကနေ တန်ပြန်တိုက်စစ်နဲ့ တိုက်ခိုက်ခဲ့ရာ ဧပြီ ၁၉ ရက်ကနေ ၂၂ ရက်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။အဲဒီနောက် ပူးပေါင်းအဖွဲ့တွေဟာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ အဓိကကျတဲ့ ဘားအံ-ကျုံဒိုး-ကော့ကရိတ်အာရှလမ်းမကြီးနဲ့ ကျုံဒိုး၊ ကော့ကရိတ်မြို့တွေကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၃ ရက်ကစပြီး သာလွန်အင်အားသုံးပြီး လမ်းကြောင်း ၅ ကြောင်းနဲ့ ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်သွားခဲ့ပြီး ကုန်ဈေးနှုန်းကြီးမြင့်တာတွေနဲ့ ရင်ဆိုင်ခဲ့ရသလို နေထိုင်စားသောက်ရေးအခက်အခဲ ဖြစ်ပေါ်ခဲ့ရပါတယ်။ အဲဒါကြောင့် ပိတ်ဆို့ထားတဲ့ လမ်း ကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ မော်တော်ယာဉ်တွေ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားလာနိုင်ရေး အတွက် တပ်မတော်စစ်ကြောင်းတွေက ဆောင်ရွက်ခဲ့ရာမှာ စစ်ဆင်ရေးကလ ၃ လကျော်အတွင်း တိုက်ပွဲကြီး ၇ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၈၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံအလက် ၃၀ နဲ့ ဆက်စပ် ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်မှာတော့ ကျုံဒိုး-ကော့ကရိတ်လမ်းကြောင်းတစ်လျှောက်ကို တပ်မတော်စစ်ကြောင်းတွေက ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေ ဆုတ်ခွာထွက်ပြေးစဉ်မှာ ဖျက်ဆီးခဲ့တဲ့ လမ်းတံတားတွေ ပြန်လည်ပြုပြင်တာနဲ့ မိုင်းရှင်းလင်းတာတွေ ဆောင်ရွက်နေပြီး မြဝတီကတစ်ဆင့် အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျန်ရှိ နေတဲ့ လမ်းပိုင်းတချို့ကို အမြန်ဆုံး ဆက်လက်ရှင်းလင်းနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ကျုံဒိုး၊ ကော့ကရိတ်မြို့တွေရဲ့ ဒုတိယအကြိမ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်ရေးနဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေကိုလည်း တစ်ပြိုင်တည်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်၊၊