ကလေးအလုပ်သမားပပျောက်ရေးနဲ့ ပတ်သက်တဲ့အဓိက ရည်မှန်းချက်တွေဟာ ကလေးတွေကို ကလေးအလုပ် သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေမှုတွေကို လျော့နည်းပပျောက်စေဖို့နဲ့ ထိရောက်စွာ တားဆီးကာကွယ်ဖို့ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်ကပြောပါတယ်။
ဇွန်လ(၂၈)ရက် မနက်ပိုင်းက နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ မြန်မာ နိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့် အကဲဖြတ်စိစစ်ရေး လုပ်ငန်း ကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အခုလို ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိတဲ့ ကလေးအလုပ်သမားတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အကာအကွယ်ပေးဖို့၊ အန္တရာယ်ရှိတဲ့ အလုပ်နဲ့လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရတဲ့ ကလေးအလုပ်သမားတွေကို ဖယ်ရှားပြီး သင့်လျော် ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိရေးနဲ့ သက်မွေးပညာကျောင်းတွေ တက်ရောက်နိုင်ရေးတို့ ကို စီမံဆောင်ရွက်ပေးဖို့စတဲ့ ရည်မှန်းချက်တွေ ချမှတ်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။