ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ ထီသိမ်ရွာတောင်ဘက်မှာ စက်တင်ဘာ ၄ ရက်၊ ညနေပိုင်းက တောင်ကျ ချောင်းကိုဖြတ်ကူးတဲ့ ၆ လအရွယ်ကလေးနဲ့ သားအမိနှစ်ယောက် ရေစီးနဲ့မျောပါသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ နာရေးကူညီမှုအသင်း(အောင်ပန်း)ကနေသိရပါတယ်။
အသက် ၂၄ နှစ်အရွယ် မိခင်ဖြစ်သူဟာ ၆ လ အရွယ် သမီးငယ်ကိုချီပိုးပြီး တောင်ယာစိုက်ခင်းကနေ သူတို့နေထိုင်တဲ့ထီသိမ်တောင်ရွာကိုအပြန် တောင်ကျချောင်းမှာ ရေကြီးရေလျှံဖြစ်နေချိန် ချောင်းကိုဖြတ်ကူးရာကနေ ရေစီးနဲ့မျောပါသွားတာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီလို ရေစီးနဲ့မျောပါသွားသူတွေကို ရွာသူ၊ ရွာသားတွေက လိုက်လံဆယ်ယူရှာဖွေခဲ့ရာ မိခင်ဖြစ်သူကိုမျက်နှာ၊ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ပြီး လသားကလေးငယ်ကိုတော့ လက်ရှိအချိန်ထိ ရှာမတွေ့သေးဘူးလို့ နာရေးကူညီမှုအသင်း(အောင်ပန်း)ကနေသိရပါတယ်။
သေဆုံးသူ မိခင်ဖြစ်သူရုပ်အလောင်းကိုတော့ အောင်ပန်းဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်းသိရပါတယ်။
ဓာတ်ပုံ-နာရေးကူညီမှုအသင်း(အောင်ပန်း)