ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးမှာ ဇူလိုင် ၁၆ ရက် မနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ(၁ )ယောက် သေဆုံးပြီး (၈)ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရ ပါတယ်။
အခင်းဖြစ်စဉ်မှာ ဇူလိုင်(၁၆)ရက်၊ မနက်(၄)နာရီ မိနစ်(၅၀)အချိန်လောက်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၈ မိုင် ၁ ဖာလုံအနီးမှာ ရပ်တန့်ထားတဲ့ (Light Truck) အမျိုးအစား ယာဉ်(၂)စီးကို Nissan Condo အမျိုးအစား ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အခင်းဖြစ်နေရာကို ဥသျှစ်ကုန်းအမြန်လမ်း နယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဥ်(၁)စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီယာဉ်တိုက်မှုကြောင့် Light Truck ယာဉ်ပေါ်ပါ အမျိုးသား(၁)ယောက် သေဆုံးခဲ့ပြီး (၆) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့သလို Nissan Condo ယာဉ်ပေါ်ပါ(၂)ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီသေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို မြို့ချောင်းလူမှုကူညီရေးသူနာတင်ယာဉ်တို့နဲ့ မြို့ချောင်းတိုက်နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။