နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းက နေအိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တဲ့ မိသားစုဝင် သုံးယောက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူ နှစ်ယောက်ကို ဩဂုတ် ၁၂ ရက်၊ ညပိုင်းက ဖမ်းမိခဲ့တယ်လို့ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းက တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ အမျိုးသား နှစ်ယောက်ကိုတော့ ရန်ကုန်ကနေ ချောက်မြို့ကို ထွက်ခွာလာတဲ့ ခရီးသည်တင် ယာဉ်တစ်စီးပေါ်မှာနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းမှာ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းမိသူကျူးလွန်သူနှစ်ယောက်ရဲ့ ထွက်ဆိုချက်အရ ဆိုင်ကယ်အသစ်ဝယ်ယူဖို့အတွက် ငွေကြေးလိုအပ်နေတဲ့ အတွက် သူငယ်ချင်းဖြစ်သူ နောင်ရွှေအုပ်စိုးတို့ မိသားစုဝင်တွေကို သတ်ဖြတ်ပြီး သေဆုံးသူတို့ ပိုင်တဲ့ မော်တော် ယာဉ်ကို ရောင်းချကာ တစ်ဝက်စီခွဲဝေယူဖို့အတွက် ပြစ်မှုကျူးလွန်ခဲ့တာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံရဲတပ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စီစီတီဗီမှတ်တမ်းတွေအရ ဩဂုတ် ၈ ရက်၊ ညပိုင်းက အခင်းဖြစ်ပွားခဲ့တယ်လို့ သိရပြီး အသတ်ခံရတဲ့ မိသားစု ဝင်သုံးယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူဟာ မီးဖိုချောင်အတွင်း၊ မိခင်ဖြစ်သူဟာ ရေချိုးခန်းအတွင်းနဲ့ သားဖြစ်သူဟာ နေအိမ်အိပ်ခန်း အိပ်ရာပေါ်မှာ ဓားထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဩဂုတ် ၁၀ ရက်မှာ သိရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့အပြင် မှုခင်းရဲတပ်ဖွဲ့(CID)က အရာရှိကြီး တွေလည်း လာရောက်စစ်ဆေးခဲ့ပြီး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေတာ ဖြစ်ပါတယ်။