မျက်မှောက်ခေတ် သာသနာတော်မှာ သာသနာတော်မြတ်ကြီး ဂုဏ်သိက္ခာ နိမ့်ကျညှိုးနွမ်းဆုတ်ယုတ်အောင်၊ သာသနာတော်မြတ်ကြီး ကွယ်ပျောက်ပျက်စီးအောင် ကျင့်ကြံလုပ်ဆောင်သူတွေ၊ ဟောပြောရေးသားနေသူတွေကို တွေ့မြင်ကြားသိနေရတယ်လို့ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက မိန့်ကြားပါတယ်။
ဇူလိုင် ၅ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူမှာ ကျင်းပတဲ့ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေး ပထမနေ့ အစည်းအဝေး ဖွင့် ဩဝါဒကထာ မြွက်ကြားရာမှာ အခုလို ထည့်သွင်းမိန့်ကြားသွားတာဖြစ်ပါတယ်။

အဲဒီလို သာသနာ့အန္တရာယ်ရန်စွယ်တို့ကို တားဆီးပိတ်ပင်နိုင်ဖို့ လျစ်လျူမရှုဘဲ သာသနာတော်သန့်ရှင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို ထက်သန်တဲ့ သာသနာပြုစိတ်ဓာတ်နဲ့ အမြဲမပြတ် သတိပြုဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်း မိန့်ကြားပါတယ်။
ဒါ့အပြင် တချို့သောရဟန်းသာမဏေတွေဟာ သမဏသာရုပ္ပမဖြစ်တဲ့ ကိစ္စတွေကို မြေပြင်နဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဆောင်ရွက်နေကြတာ၊ မိမိတို့ စိတ်ကူးမိရာ မဟုတ်မမှန် လုပ်ကြံတီထွင်ထားတဲ့ အဓမ္မဝါဒီ တွေကို ဟောပြောနေကြတာ၊ လူပုဂ္ဂိုလ်တွေကလည်း သင်္ကန်းပရိက္ခရာတွေ ဝတ်ဆင်ပြီး သိက္ခာမတင် သိမ်မဝင် ဘဲ ရှင်ရဟန်းအသွင်ယူပြီး အလှူခံတောင်းရမ်းစားသောက်နေကြတာကိုလည်း တွေ့ရှိရပြီး အဲဒါတွေကို ထိန်းသိမ်း ကြပ်မတ်တာတွေ ဆောင်ရွက်နေတယ်လို့လည်း မိန့်ကြားခဲ့ပါတယ်။