ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရာဂီမုန်တိုင်းအရှိန်ကြောင့် ရထားလမ်းပျက်စီးခဲ့လို့ ရထားပြေးဆွဲမှု ရပ်နားထားရတဲ့ သာစည်-ရွှေညောင် ရထားလမ်းပိုင်းကို ပြန်လည်ပြင်ဆင်နေပြီး ရထားအမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

ရာဂီမုန်တိုင်းရဲ့အရှိန်ကြောင့် သာစည်-ရွှေညောင် ရထားလမ်းပိုင်းက ဆင်တောင်-မြင်းဒိုက်ကြားရှိ ရထားလမ်း တာပေါင်နေရာတွေ၊ ကမ်းပါးနီဥမင် အဝင်/အထွက်နေရာတွေ၊ ဆင်တောင်ဘူတာ၊မြင်းဒိုက်ဘူတာနဲ့ ခွေးရုပ် ဘူတာတွေ ပျက်စီးခဲ့ပြီး အမှတ်၁၄၁အဆန်/ ၁၄၂အစုန် သာစည်-ရွှေညောင်ရထား ပြေးဆွဲမှုကို စက်တင်ဘာ ၁၁ ရက် ကတည်းက ရပ်နားထားခဲ့ရတာပါ။ ဒါ့အပြင် တောင်ကြီး-ပေါမူရထားလမ်းပိုင်းမှာလည်း ရထားလမ်း အူကြောင်းနဲ့ တံတားတချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ပြုပြင်တည်ဆောက်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပျက်စီးခဲ့တဲ့ရထားလမ်းပိုင်းနေရာတွေ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်နဲ့ မြန်မာ့မီးရထားတာဝန်ရှိသူတွေက ဒီဇင်ဘာ(၁၀)ရက်ကနေ (၁၂)ရက်အထိ သွားရောက်စစ်ဆေးခဲ့ပြီး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။