ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗားကရာဆိပ်ကမ်းအနီး လှိုင်မြစ်အတွင်း ဇူလိုင် ၁၀ ရက် မနက်ပိုင်းက သမ္ဗန်တစ်စင်း က တွဲသင်္ဘောတစ်စင်းကို တိုက်မိပြီး တိမ်းမှောက်ခဲ့ရာမှာ ကျောင်းသားတချို့အပါအဝင် ခရီးသည်၈ယောက် ပျောက်ဆုံးနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထုတ်ပြန်ချက်နဲ့ ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူ တစ်ယောက်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
သမ္ဗန်မောင်းသူနဲ့ ခရီးသည် ၁၆ ယောက် လိုက်ပါလာတဲ့ သမ္ဗန်တစ်စင်းဟာ ဆိပ်ကြီးခနောင်တိုကနေ ကြည့်မြင်တိုင် ဗားကရာဘက်ကို ကူးလာစဉ် လှိုင်မြစ်အတွင်း တွဲသင်္ဘောတစ်စင်းကို တိုက်မိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္ဗန်တိမ်းမှောက်မှုကြောင့် ရေကြောင်းရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကယ်ဆယ်ခဲ့ရာမှာ သမ္ဗန်မောင်းသူနဲ့ ခရီးသည်တချို့ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ ရောင်စဉ်မဲ့ လူမှုကူညီရေး အသင်းကတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း သမ္ဗန်ပေါ်မှာပါတဲ့လူ၁၇ယောက်ထဲက ၉ယောက်ကို ကယ်ဆယ်ထားနိုင်ပြီ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ လှိုင်မြစ်အတွင်း ရေစီးသန်နေပေမဲ့ ပျောက်ဆုံးနေသူတွေကို ထပ်မံရှာဖွေနေတယ်လို့ သိရပါတယ်။