ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှာ နိုဝင်ဘာလ ၁၃ ရက် ညနေပိုင်းက ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က နိုဝင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာလ ၁၃ ရက် ညနေ ၃ နာရီခွဲအချိန်လောက်က ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာကားဝင်းအတွင်း အမျိုးသားတစ်ယောက် မောင်းနှင်ပြီး အကူယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်အမျိုးသား နှစ်ယောက်တို့ လိုက်ပါလာတဲ့ ခရီးသည်တင် မှန်လုံယာဉ်ကို သတင်းအရ ရှာဖွေခဲ့တယ်လို့ သိရပါတယ်၊၊ အဲဒီလိုရှာဖွေရာက ယာဉ်ပေါ်မှာ စားသောက်ကုန်တွေအတွင်း သိုဝှက် သယ်ဆောင်လာတဲ့ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော် သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်၊၊
အခုလို မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိတာဟာ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ခုကို ဖန်တီးဖော်ဆောင်ပေးသလိုဖြစ်တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)တွဲဖက်အတွင်း ရေးမှူး(နိုင်ငံတကာဆက်ဆံရေး) ဦးစိန်မြင့်ထွန်းက ပြောပါတယ်၊၊
ဖမ်းဆီးရမိတဲ့သူတွေကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို စစ်ဆေးဖော် ထုတ်နေ သလို ဆက်စပ်ပါဝင်သူတွေနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာက ရရှိတဲ့ ငွေကြေးအကျိုး အမြတ်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊