ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ ယာယီဓာတ်အား ပြတ်တောက်မှုတွေ ရှိမှာဖြစ်တယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဇူလိုင်လ (၁၂)ရက် မနက်ပိုင်းက အသိပေးထုတ်ပြန်ပါတယ်။
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနဲ့ကွပ်ကဲရေးဦးစီးဌာနက ၅၀၀ ကေဗွီ၊ ဘုရားကြီး – လှိုင်သာယာ ဓာတ်အားလိုင်း တည်ဆောက်တဲ့လုပ်ငန်းဆောင်ရွက်ရာမှာ မလွတ်ကင်းတဲ့ ၂၃၀ ကေဗွီ၊ မြောင်းတကာ-လှော်ကား၊ မြောင်းတကာ-ဝါးတရာနဲ့ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်းတွေကို ဇူလိုင် ၁၂ ရက်ကနေ ၁၅ ရက်အထိ မနက် ၆နာရီ ကနေ ညနေ ၅ နာရီအထိ ဓာတ်အားပိတ်ပြီး လုပ်ငန်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊
အဲဒီလို လုပ်ငန်းဆောင်ရွက်နေချိန်မှာ လှိုင်သာယာပင်မခွဲရုံ၊ မြောင်းတကာပင်မခွဲရုံ၊ အနောက်ပိုင်းတက္ကသိုလ်ခွဲရုံနဲ့ ကနောင်ပင်မခွဲရုံတွေက ဓာတ်အားဖြန့်ဖြူးပေးထားတဲ့ ၃၃ ကေဗွီ ဖီဒါတွေကို ဝန်အားထိန်းညှိ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

အဲဒီလို ဝန်အားထိန်းညှိဆောင်ရွက်နေချိန်အတွင်းမှာ ရွှေပြည်သာ၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ (အနောက်ပိုင်း)၊ ရွှေလင်ပန်း၊ ထန်းတပင်၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ တွံတေး၊ လက်ခုပ်ကုန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ကျိုက်ထော်၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်းစတဲ့ မြို့နယ်နေရာအချို့မှာ ယာယီဓာတ်အားပြတ်တောက် မှုတွေ ဖြစ်ပေါ်မှာဖြစ်တယ်လို့ သိရပါတယ်၊၊
ဒါ့အပြင် လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှု မရှိစေရေးနဲ့ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေး အတွက်လည်း အလေးထားဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားပါတယ်၊၊