လာအိုနိုင်ငံ၊ ရွှေတြိဂံဒေသအနီး မဲခေါင်မြစ်ထဲမှာ စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ “ဝ” လူငယ်တွေကို UWSA တပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်လုပ်ဆောင်ခဲ့တယ်လို့ “ဝ”သတင်းတွေကိုဖော်ပြနေတဲ့ Wa News Land ရဲ့ ဖော်ပြချက်အရသိရပါတယ်။
လာအိုနိုင်ငံကနေ မြန်မာနိုင်ငံတာချီလိတ်မြို့ကိုပြန်လာတဲ့ မြန်မာအလုပ်သမားတွေပါလာတဲ့ စက်လှေနှစ်စင်းဟာ စက်တင်ဘာ ၂ ရက်က မဲခေါင်မြစ်ထဲမှာတိမ်းမှောက်ခဲ့တာဖြစ်ပြီး UWSA တပ်ဖွဲ့က ချက်ချင်းသွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။

စက်လှေတိမ်းမှောက်တဲ့အထဲမှာ လာအိုနိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်ပြီးပြန်လာတဲ့ “ဝ” လူငယ်တွေပါဝင်ပြီး လတ်တလောစာရင်းတွေအရ “ဝ” လူမျိုး ၁၀ ယောက်ပျောက်ဆုံးနေကာ အဲဒီထဲမှာ နှစ်ယောက်ကိုကယ်ယူနိုင်ခဲ့ပေမယ့် သေဆုံးနေပြီဖြစ်တယ်လို့ သတင်းဖော်ပြချက်အရသိရပါတယ်။
စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ “ဝ” လူငယ်တွေစာရင်းကို ဆက်လက်စုံစမ်းနေပြီး လာအိုနိုင်ငံဘက်က အာဏာပိုင်တွေကလည်း ရှာဖွေမှုတွေဆောင်ရွက်နေတယ်လို့သိရပါတယ်။ လာအိုနိုင်ငံအတွင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံက တရားမဝင်အလုပ်သမားတွေ၊ မှတ်ပုံတင်မထားတဲ့မြန်မာအလုပ်သမားတွေ ဘယ်သူမဆိုလာမယ့် စက်တင်ဘာ ၇ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးရုံးမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး သတ်မှတ်ချိန်အတွင်း စာရင်းမသွင်းနိုင်သူတွေကို နေရပ်ကိုပြန်ပို့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်က ထုတ်ပြန်ထားတယ်လို့ Wa News Land ရဲ့ဖော်ပြချက်အရသိရပါတယ်။
ဓာတ်ပုံ-Wa News Land