မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေက ရပ်ကွက်တချို့မှာ ဆည်တော်ကြီးဆည်က ရေမလွှတ်နိုင်တာကြောင့် ရေအခက်အခဲ ဖြစ်ပေါ်နေတယ်လို့ မဏီစလ လူမှု/နာမှု ကူညီရေးအသင်း – မန္တလေးမြို့ ကနေ သိရပါတယ်၊၊
အဲဒီမြို့နယ်နှစ်ခုရဲ့ အရှေ့ဘက်ခြမ်းက ရပ်ကွက်အများစုဟာ ဆည်တော်ကြီးဆည်ကလာတဲ့ ရေကို အဓိကထား သုံးစွဲနေရတာဖြစ်ပြီး လက်ရှိမှာ ဆည်တော်ကြီးဆည်ကနေ ရေမလွှတ်နိုင်တာကြောင့် ရေအခက်အခဲ ဖြစ်ပေါ်နေ တာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

ရေလိုအပ်နေတဲ့ နေရာအချို့မှာတော့ ရေသယ်ယာဉ်တွေနဲ့ ကူညီလှူဒါန်းပေးနေတာ ရှိတယ်လို့ မဏီစလ လူမှု/နာမှု ကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်၊၊
ဆည်တော်ကြီးဆည်ကနေ ရေမလွှတ်ပေးနိုင်တဲ့အတွက် ရပ်ကွက်အချို့မှာတော့ အဝတ်လျှော်ဖို့၊ ချက်ပြုတ်ဖို့၊ ရေချိုးဖို့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်၊၊ ဆည်တော်ကြီးဆည်ဟာ ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ ရေစစ်ကန်ကို ရေလွှတ်ရတာဖြစ်ပြီး အဲဒီ ရေစစ်ကန် ကနေတစ်ဆင့် ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာ စံမြို့နယ်တွေကို ရေပေးဝေနေတာ ဖြစ်တယ်လို့ သိရပါတယ်။