ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် ဇွန်လ(၁၀)ရက်နေ့အထိ စုစုပေါင်း ငွေကျပ်(၁၉ ဒသမ ၈) ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးနိုင်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောပါတယ်။
ပဲခူးမြို့၊ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးအတွက် ပြည်သူ လူထုရဲ့ပူးပေါင်းပါဝင်မှု၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတို့နဲ့ အရှိန်အဟုန်မြှင့် ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့ရာကနေ အခုလို ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ အမှုပေါင်း(၃၁၈)မှုနဲ့ တရားခံ(၅၂၆)ယောက်ရှိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား (၉ ဒသမ ၈၉)သန်း ကျော်၊ ဆေးခြောက်(၈၆ ဒသမ ၉၄)ကီလို၊ ဘိန်းဖြူ(၁၇ ဒသမ ၃)ဂရမ်၊ ဘိန်းဆီခဲ(၁ ဒသမ ၄)ကီလို၊ ကတ်တမင်း (၂၁ ဒသမ ၄၀၅)ကီလို၊ ကတ်တမင်း ထိုးဆေးရည်(၁၆)လီတာ၊ အိုက်စ်(၁၀၅)ကီလို၊ အက်တက်ဆီ(၂)ပြား၊ စိတ်ပြောင်းဆေး Happy Water (၁ ဒသမ ၁၈၇)ကီလိုတို့ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။