MoU စနစ်နဲ့ ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို စေလွှတ်နိုင်ရေးတင်ပြလာတဲ့ အလုပ်ခေါ်စာတွေကို ယာယီရပ်ဆိုင်းထားမယ်လို့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကနေ သိရပါတယ်၊၊
အဲဒီလို ထိုင်းနိုင်ငံကို MoU စနစ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို အလုပ်သမားတွေ စေလွှတ်ရာမှာ အလုပ် ခေါ်စာမှာပါရှိတဲ့ လုပ်ငန်းခွင်နဲ့ အလုပ်သမားတွေ အမှန်တကယ်လုပ်ကိုင်ရတဲ့ လုပ်ငန်းခွင်မှန်ကန်မှုမရှိတာ၊ လုပ်ငန်းခွင့်ကိုရောက်ရှိပြီး အလုပ်မပေးနိုင်တာတွေကြောင့် ယာယီရပ်ဆိုင်းထားတာဖြစ်တယ်လို့ ဆိုပါတယ်၊၊

ဒါ့အပြင် လုပ်ငန်းခွင်မှာ အလုပ်သမားရေးရာပြဿနာတွေ ဖြစ်ပေါ်နေတဲ့အတွက်ကြောင့်လည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို စေလွှတ်နိုင်ဖို့တင်ပြလာတဲ့ အလုပ်ခေါ်စာတွေကို ဇူလိုင် ၄ ရက်ကစပြီး ယာယီရပ်ဆိုင်းဖို့ အလုပ်သမားဝန်ကြီးဌာနက စာပေးပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊
ပြည်ပနိုင်ငံတွေကို အလုပ်သွားရောက်လုပ်ကိုင်မယ့် လုပ်သားတွေကိုစေလွှတ်ရာမှာ ကူညီဆောင်ရွက်နေတဲ့ တရားဝင်လိုင်စင်ရအေဂျင်စီပေါင်း တစ်နိုင်ငံလုံးမှာ ၅၆၅ ခုရှိပြီး လက်ရှိမှာ ပြည်ပအကျိုးဆောင် လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ ထိုင်း၊ စင်ကာပူ၊ ဂျပန် စတဲ့နိုင်ငံတွေကို လုပ်သားတွေအများဆုံးစေလွှတ်နေတာ ဖြစ်တယ်လို့ သိရပါတယ်၊၊