ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ခုမှာ စက်တင်ဘာ ၃၀ ရက်၊ နေ့လယ်ပိုင်းက ရေဘေးအတွက်လာလှူထားတဲ့အထုပ်တွေအတွင်းမှ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ (၈)ယောက်ရှိတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေသိရပါတယ်။
ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရေဘေးအတွက်လာလှူထားတဲ့ ဆန်အိတ်ထဲက ပေါက်ကွဲခဲ့တာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်မှာ ဦးခေါင်းဗုံးစထိမှန်ဒဏ်ရာရခဲ့ကာ စမတ်ကတ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ ပြည်သူနှစ်ယောက်လည်း ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

အလားတူ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းက စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာလည်း ရေဘေးအတွက်လာရောက်လှူဒါန်းထားတဲ့ ခေါက်ဆွဲခြောက်ကတ္ထူဖာအတွင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်နဲ့ စမတ်ကတ်လုပ်ဖို့စောင်းဆိုင်းနေသူ ပြည်သူလေးယောက် စုစုပေါင်းငါးယောက် ဒဏ်ရာရခဲ့တာကြောင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတယ်လို့လည်း သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာတွေမှာတော့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ကာ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်နေတယ်လို့သိရပါတယ်။