အခုနှစ် ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်လုပ်ငန်းတွေအတွက် အကဲဖြတ်ပညာပြည့်ဝပြီး ဘက်လိုက်ခြင်းကင်းတဲ့ ဆုံးဖြတ်မှုရရှိနိုင်ဖို့ရာ ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟ စတဲ့ အဂတိတရား(၄)ပါးနဲ့လွတ်ကင်းတဲ့ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ဖိတ်ခေါ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ကြေညာထားပါတယ်။
အဲဒီလိုဖိတ်ခေါ်ရာမှာ သတ်မှတ်ထားတဲ့အချက်အလက်တွေကတော့ ရုပ်ရှင်ထူးချွန်ဆုရရှိထားသူတွေ ဒါမှမဟုတ် ထူးချွန်ဆုမရရှိသေးပေမယ့်လည်း ရုပ်ရှင်ပညာသည်အဖြစ်ရုပ်ရှင်သက်(၁၀)နှစ်ထက်မနည်း အတွေ့အကြုံရှိသူ တွေ၊ ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟ စတဲ့ အဂတိတရား(၄)ပါးနဲ့လွတ်ကင်းသူတွေ၊ ဘက်လိုက်မှုကင်းသူတွေ၊ အုပ်စုဖွဲ့ပြီး မိမိဆန္ဒရှိသူကိုထူးချွန်ဆုပေးခြင်းက လွတ်ကင်းသူတွေနဲ့ ရုပ်ရှင်ကားတွေကြည့်ရှု့ဖို့ အချိန်ပေးနိုင်ပြီး ကျန်းမာရေးကောင်းမွန်သူတွေဖြစ်ရမယ်လို့ ဆိုပါတယ်။
၁၉၅၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၁၉၅၃ ခုနှစ်ကစတင်ပြီး ကျင်းပပြုလုပ်လာခဲ့ရာ ၂၀၁၂ ခုနှစ်မှာတော့ ရုပ်ရှင်လောကသားရုပ်ရှင်အနုပညာရှင်၊ ရုပ်ရှင်အတတ်ပညာရှင်ကြီးတွေကသာ ရုပ်ရှင်ထူးချွန်ဆုကို အကဲဖြတ်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေသိရပါတယ်။