သုခဒဂုံ ပြည်သူ့အငှားအိမ်ရာကို ငှားရမ်းနေထိုင်ခွင့် ရရှိသူတွေက ကိုယ်တိုင်မနေဘဲ တစ်ဆင့်ငှားရမ်းတာ၊ လွှဲပြောင်းတာတွေလုပ်ဆောင်ရင် မူလငှားရမ်းခွင့်ရရှိထားသူကို အိမ်ခန်းငှားရမ်းခွင့် ပြန်လည်ရုတ်သိမ်းမယ်လို့ ပြည်သူ့အငှားအိမ်ရာအိမ်ခန်းနေရာချထားရေးနဲ့ စည်းကမ်းစည်းသိမ်းရေးကော်မတီက ထုတ်ပြန်ပါတယ်။

အဲဒီအပြင် စည်းကမ်းဖောက်ဖျက်တဲ့ မူလအိမ်ငှားကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှာ အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ရရှိသူတွေအနေနဲ့ အိမ်ခန်းစာချုပ်ပါ နေထိုင်ခွင့်ရရှိ သူကလွဲပြီး တခြားသူတွေ နေထိုင်ခွင့် မပြုရဘူးလို့ သတ်မှတ်ထားပါတယ်။

လက်ရှိမှာ မသမာသူတချို့က အခန်းနေထိုင်ခွင့်ရမယ်ဆိုပြီး ငွေလိမ်လည်တောင်းခံနေတာတွေ ရှိနေတဲ့အတွက် သတိပြုကြဖို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အိမ်ခန်းငှားရမ်းခတွေက မြင့်တက်နေတာကြောင့် သုခဒဂုံအငှားအိမ်ရာမှာ အိမ်ခန်းငှားရမ်းခွင့်ရရှိဖို့အတွက် လျှောက်ထားသူများပြီး နေရေးအခက်အခဲရှိသူတွေအတွက် အခုလို အငှားအိမ် ရာတွေ များများဖော်ဆောင်ပေးစေချင်တယ်လို့လည်း အငှားအိမ်ရာမှာ နေထိုင်ခွင့်ရရှိထားသူ ဦးယဉ်ဝေက ပြောပါတယ်။

အဲဒီအိမ်ရာကို ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် အမှတ်(၂)လမ်းမကြီးနဲ့ ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံးအနီးမှာ အကောင်အထည်ဖော် တည်ဆောက်ထားတာဖြစ်ပါတယ်။ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာဟာ နေရေးအခက်အခဲရှိတဲ့သူတွေကို ၅ နှစ် ငှားရမ်းနေထိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။