သံဃာတော်တွေ၊ သီလရှင်တွေ၊ အနှေးယာဉ်မောင်းတွေနဲ့ အခြေခံအိမ်ထောင်စုတွေကို စားသောက်ကုန်တွေ လှူဒါန်းတာကို ကုန်ဈေးနှုန်းတက်လို့ပဲဖြစ်ဖြစ် ဘယ်လိုအခက်အခဲတွေပဲရှိရှိ စာနာစိတ်နဲ့ အစဉ်အလာမပျက် ဆက်လက် လှူဒါန်းသွားမှာဖြစ်တယ်လို့ ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော် အသျှင်ကုမာရ က မိန့်ပါတယ်။
ဇန်နဝါရီလ(၁၃)ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက် အတွင်းမှာ ပြုလုပ်တဲ့ အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး ဆရာတော်ကြီးရဲ့တပည့်ရင်း ဆရာတော် အသျှင်ကုမာရ ဦးစီးဦးဆောင်ကာ အလှူရှင်တွေနဲ့ သရုပ်ဆောင်/အဆိုတော်တွေရဲ့ စားသောက်ကုန် တွေ လှူဒါန်းပွဲမှာ အခုလိုမိန့်ကြားခဲ့တာပါ။ ဘယ်လိုအခက်အခဲတွေပဲကြုံကြုံ ကိုယ်နိုင်ငံသားတွေအတွက် တတ်နိုင်သမျှ လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆရာတော် အသျှင်ကုမာရက မိန့်ပါတယ်။
နှစ်သစ်မင်္ဂလာအလှူတော်အနေနဲ့ ပြာသိုလပြည့်နေ့၊ ရှင်တစ်ထောင်အခါတော်နေ့မှာ သံဃာတော် (၅၂၈)ပါးနဲ့ သီလရှင်အပါး(၁၀၀)တို့ကို ဆွမ်းဆန်တော်နဲ့စားသောက်ကုန်တွေလောင်းလှူတာ၊ အနှေးယာဉ်မောင်းလုပ်သား အယောက်(၁၀၀)နဲ့ အခြေခံအိမ်ထောင်စုတွေကို စားကုန်တွေလှူဒါန်းတာတွေ၊ မုန့်ဟင်းခါးစတုဒိသာတွေ ကျွေးမွေးလှူဒါန်းတာတွေ ပြုလုပ်ခဲ့ပြီး အနုပညာရှင်တွေကလည်း တေးသီချင်းတွေနဲ့သီဆို ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်မှာ လပြည့်နေ့တိုင်း သံဃာတော်တွေနဲ့သီလရှင်တွေ၊ အနှေးယာဉ်မောင်း လုပ်သားတွေနဲ့ အခြေခံအိမ်ထောင်စုတွေကို စားသောက်ကုန်တွေ အစဉ်အလာမပျက် နှစ်စည်လှူဒါန်းပေးနေတာ ဟာ (၆)နှစ်လောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။