နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်နဲ့ ဇနီးဒေါ်ခင်ခင်ဝင်းတို့ကို အမှူးထားပြီး ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတ အသင်းနဲ့အလှူရှင်တွေ စုပေါင်းပြီး ဧပြီလ ၂၁ ရက် မနက်ပိုင်းက နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တိုင်းမီး သတ်ဦးစီးဌာနရှိ မီးသတ်တပ်ဖွဲ့ဝင်တွေကို စတုဒိသာ ကျွေးမွေးလှူဒါန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

ပြင်းထန် မန္တလေးငလျင်ကြီးဖြစ်စဉ်မှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေကို နေ့လယ်စာ ထမင်းနဲ့ဟင်းလျာတွေနဲ့ သောက်ရေသန့်ဘူးတွေ ကျွေးမွေး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။နေပြည်တော် ပြည်ထောင်စုနယ်မြေထဲမှာ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင် အင်အား ၅၀၀ ခန့်ကို စတုဒိသာကျွေးမွေး လှူဒါန်းတာ ဖြစ်တယ်လို့ဆိုပါတယ်။မီးသတ်တပ်ဖွဲ့ဝင်တွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လို့ ပင်ပန်းနေချိန်မှာ အခုလိုနေ့လယ်စာ လာရောက် ကျွေးမွေးလှူဒါန်းပေးတဲ့အတွက် တပ်ဖွဲ့ဝင်တွေအားလုံး ကိုယ်စားကျေးဇူးတင်တယ်လို့ နေပြည်တော် တိုင်း မီးသတ်ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးမြတ်သီဟက ပြောပါတယ်။

မတ်လ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ပြင်းထန်မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့တဲ့ နေပြည်တော် ပြည်ထောင် စုနယ်မြေ ထဲမှာ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ရန်ကုန်ဌာနချုပ် စုစုပေါင်း အဖွဲ့ ၆ ဖွဲ့က မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နေကြတာပါ။ဒါ့အပြင် ပြိုကျပျက်စီးသွားတဲ့ နေအိမ်တိုက်တာအဆောက်အဦတွေထဲက ပြည်သူတွေရဲ့ တန်ဖိုးကြီး ပစ္စည်းတွေ ကို ဖော်ထုတ်ပြီး ပိုင်ရှင်တွေဆီ စနစ်တကျ အပ်နှံပေးတာနဲ့ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေတဲ့ ပြည်သူတွေ သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးတာ အစရှိတာတွေ အပါအဝင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများစွာကို လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။