ငလျင်ဘေးသင့်ဒေသတွေကို ကူညီထောက်ပံ့ခြင်းအလှူခရီးစဉ်ကြွရောက်နေတဲ့ မိုင်းဖုန်းဆရာတော်ကြီးဟာ ဧပြီ ၂၄ ရက်၊ ည ၇ နာရီက ရန်ကုန်မြို့ရှိ ကိုးမိုင်ရှမ်းကျောင်းမှာ တရားဟောကြားခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ တရားပွဲကို ရန်ကုန်မြို့နေ ရှမ်းတိုင်းရင်းသားတွေနဲ့ ဆရာတော်ကြီးကို ကြည်ညိုတဲ့ ဒါယကာ၊ ဒါယိကာမတွေ အများအပြား လာရောက်ဖူးမြော်ကြည်ညိုကြတာကိုလည်း တွေ့ရပါတယ်။

ဆရာတော်ကြီးကို ဖူးမြော်ကြည်ညိုရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိတယ်လို့ တရားပွဲကို လာရောက်သူတချို့က ပြောပါတယ်။ မိုင်းဖုန်းဆရာတော်ကြီးဟာ ငလျင်ဘေးသင့်ဒေသတွေကို ကူညီထောက်ပံ့ခြင်းအလှူခရီးစဉ်အဖြစ် ဧပြီ ၁၉ ရက်က စတင်ထွက်ခွာလာတာဖြစ်ပြီး မန္တလေးနဲ့ နေပြည်တော်တို့မှာလည်း ငလျင်ဘေးသင့်သူတွေအတွက် ကူညီ ထောက်ပံ့ လှူဒါန်းတာ၊ မေတ္တာပို့ တရားဟောကြားတာတွေ ဆောင်ရွက်တော်မူခဲ့ပြီး ဧပြီ ၂၅ ရက်မှာ ရန်ကုန်မြို့ ကနေ တောင်ကြီးမြို့ကို ပြန်လည်ကြွရောက်သွားပြီဖြစ်တယ်လို့ သိရပါတယ်။