မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း ကား၊ ဆိုင်ကယ်၊ လုပ်ငန်းသုံးတွေအတွက် စက်သုံးဆီဝယ်ယူမှုအခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဩဂုတ် ၃ ရက်လောက်ကစပြီး ဩဂုတ် ၁၈ ရက်အထိ စက်သုံးဆီကို အချိန်နဲ့ကန့်သတ်ကာ တန်းစီစနစ်နဲ့ဝယ်ယူနေရပြီး စက်သုံးဆီဆိုင်အများစုလည်း ပိတ်ထားတာတွေ့ရတယ်လို့ဆိုပါတယ်။
မကွေးမြို့ပေါ်မှာ စက်သုံးဆီဆိုင်ကြီး ၅ ဆိုင်ရှိပြီး တစ်ရက်ကို တစ်ဆိုင်နှုန်းလောက်သာ အချိန်အကန့်အသတ်နဲ့ ရောင်းချပေးနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ စက်သုံးဆီဝယ်ယူမှုခက်ခဲတာကြောင့် အိုးဝေပြေးဆွဲမှုမှာလည်း အခက်အခဲတွေရှိနေတယ်လို့ မကွေးမြို့ကအိုးဝေမောင်းနှင်သူ ဦးသက်ထွန်းကပြောပါတယ်။
မကွေးမြို့က စက်သုံးဆီဆိုင်ကြီးတွေမှာတော့ အောက်တိန်း 92 တစ်လီတာကို (၃၀၇၉)ကျပ်နဲ့ဝယ်ယူရပြီး အောက်တိန်း 95 ကတော့ ရောင်းချနိုင်မှုမရှိသေးတာကိုတွေ့ရပါတယ်။ ပြင်ပဈေးကွက်ထဲမှာတော့ အောက်တိန်း 92 တစ်လီတာကို ၆၀၀၀ ကျပ်ကနေ ၈၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။