မကွေးတိုင်းအတွင်းက သွေးအလှူရှင်တွေရဲ့ သွေးတွေကို ငလျင်ဘေးဒဏ်ကြောင့် ဆေးရုံတွေမှာ တက်ရောက် ကုသနေတဲ့ ပြည်သူတွေအတွက် သွေးအိတ်တွေ လှူဒါန်းခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကနေ သိရပါတယ်။သွေးလှူဒါန်းနိုင်ဖို့အတွက် မကွေးတိုင်းအတွင်းက ပြည်သူ့ဆေးရုံကြီးတွေမှာ သွေးအလှူဘဏ်တွေ ဖွင့်လှစ်ကာ ဆောင်ရွက်ခဲ့ကြတာပါ။

ငလျင်ဘေးကြောင့် မန္တလေးနဲ့နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွေမှာ တက်ရောက်ကုသနေတဲ့ ပြည်သူတွေ အတွက် မကွေးတိုင်းအတွင်းက သွေးအလှူရှင်တွေက လှူဒါန်းထားတဲ့ သွေးအိတ်(၄၀၀)ကျော်ကို လွှဲပြောင်း လှူဒါန်းခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ဦး က ပြောပါတယ်။ငလျင်ဘေးကို ကြုံတွေ့ခံစားခဲ့ရတဲ့ စစ်ကိုင်း၊မန္တလေး၊နေပြည်တော် စတဲ့ ဒေသတွေမှာ ကျန်းမာစောင့်ရှောက်ဖို့ လိုအပ်လာရင် တိုင်းအတွင်းက ကျန်းမာရေးဝန်ထမ်းတွေကို စေလွှတ်နိုင်ဖို့ အဆင်သင့် ပြင်ထားတယ်လို့လည်း ဒေါက်တာအောင်မြင့်ဦးက ပြောပါတယ်။ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ဒေသတွေကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းတာတွေရှိသလို တိုင်းအတွင်းရှိ ပရဟိတအဖွဲ့တွေကလည်း လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းပေးတာတွေ ရှိတယ်လို့ သိရပါတယ်။