မြန်မာ-တရုတ် ကျဲ့ကျန်းကုန်သည်ကြီးများအသင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်းရှိ ငလျင် ဘေးသင့် ပြည်သူတွေကို ကျပ်သိန်း ၉၀၀ ကျော်တန်ဖိုးရှိ စားသောက်ကုန်တွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။အဲဒီလှူဒါန်းမှုကို ဧပြီ ၆ ရက်က ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ ကျင်းပပြုလုပ်ခဲ့ပြီး ရမည်းသင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြောကြားကာ မြန်မာ-တရုတ် ကျဲ့ကျန်း ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက လှူဒါန်းရတဲ့အကြောင်း ရှင်းလင်းပြောကြားပါတယ်။

အဲဒီနောက် မြန်မာ-တရုတ် ကျဲ့ကျန်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက ငလျင်ဘေးသင့် ပြည်သူတွေအတွက် ထောက်ပံ့ပစ္စည်းတွေကို ပေးအပ်လှူဒါန်းရာ ရမည်းသင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက လက်ခံရယူခဲ့ကြပါတယ်။လှူဒါန်းရာမှာ ရမည်းသင်းခရိုင်အတွင်းရှိ ငလျင်ဘေးသင့် အိမ်ထောင်စု ၁၀၀၀ အတွက် အိမ်ထောင်စု တစ်စုကို ဆန် ၆ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ခေါက်ဆွဲခြောက်တစ်ဖာ၊ ရေသန့် တစ်လီတာ တစ်ကတ်၊ ကျား/မ ဝတ်အင်္ကျီ ၁၀ ထည်၊ နှာခေါင်းစည်း ၁၀ ခု တို့ကို ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပြီး လှူဒါန်းမှု စုစုပေါင်းတန်ဖိုးမှာ ကျပ် ၉၂၈ သိန်း ဖြစ်တယ်လို့ သိရပါတယ်။