မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနဲ့ပြည်နယ်ငါးခုက ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတဲ့ ရေဘေးသင့်ပြည်သူ တစ်သိန်းကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေ စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ထုတ်ပြန်ကြေညာပါတယ်။
ဇွန်လနှောင်းပိုင်းကစတင်ပြီး မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့လို့ မြန်မာနိုင်ငံမှာ လူပေါင်း နှစ်သိန်းကျော် ထိခိုက်ခဲ့ပြီး အများအပြားမှာ ယာယီအိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအခါ WFP အဖွဲ့တွေဟာ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ အနည်းဆုံး ရေဘေးသင့်ပြည်သူ တစ်သိန်း နှစ်သောင်းအတွက် ငွေသား၊ ဆန်၊ အထူးအာဟာရရှိတဲ့ အစားအစာတွေနဲ့ ဘီစကွတ်တွေကူညီထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးနေပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

နိုင်ငံအနှံ့အပြားမှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ် ပေါ်နေတဲ့အတွက် WFP အနေနဲ့ အခြေအနေတွေကို ဆက်လက်စောင့်ကြည့်နေပြီး လိုအပ်လာရင် ရေဘေးတုံ့ပြန်ရေးအစီအစဉ်တွေကို ထပ်မံတိုးချဲ့သွားဖို့ ရှိတယ်လို့လည်း WFP က ထုတ်ပြန်ထားပါတယ်။