ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းက မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံမှာ အလှူရှင်တွေ လိုအပ်နေတာကြောင့် လှူဒါန်းလိုသူ အလှူရှင်တွေအနေနဲ့ ဆေးရုံရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေထံ ဆက်သွယ်လှူဒါန်း နိုင်တယ်လို့ မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံရဲ့ ဒုတိယဥက္ကဋ္ဌ(၂) ဦးကျော်ကျော်က ပြောပါတယ်။

မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံကို ၁၉၃၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့ လူမျိုးဘာသာ မရွေး ဝေဒနာရှင်လူနာတွေကို ဆေးကုသပေးနေတာပါ။ အခုဆိုရင် နှစ်ပေါင်း ၈၀ လောက် ရှိပြီဖြစ်ပါတယ်။အခုနှစ်မှာ ဆေးဝါးပစ္စည်း၊ အလုပ်သမားခအပါအဝင် အထွေထွေကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် လုပ်ငန်းစဉ်တွေ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ဖို့အတွက် အလှူရှင်တွေ လိုအပ်နေပြီး အလှူရှင်တွေအနေနဲ့ အလှူငွေအပြင် ဆေးရုံးသုံး စက်ပစ္စည်းတွေနဲ့ ဆေးဝါးတွေကိုလည်း လှူဒါန်းနိုင်တယ်လို့ ဒုတိယဥက္ကဋ္ဌ(၂) ဦးကျော်ကျော်က ပြောပါတယ်။

မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံမှာ တစ်ရက်ကို လူနာဦးရေ အယောက် ၃၀၀ ကနေ ၅၀၀ ဝန်းကျင်အထိ ကုသ ပေးနေတာဖြစ်ပြီး ဆေးရုံကို မီးဖွားလူနာတွေ၊ မျက်စိခွဲစိတ်ကုသလူနာတွေနဲ့ ကျောက်ကပ်ဆေးလူနာတွေ ပိုမို လာရောက်ကုသကြတယ်လို့ သိရပါတယ်။