အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကနေ အမေရိကန်နိုင်ငံ နုတ်ထွက်သွား မှာ ဖြစ်ကြောင်း တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။ ဒါဟာ ကုလသမဂ္ဂရဲ့ ပြည်သူ့ကျန်းမာရေးအေဂျင်စီနဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်တဲ့ ထင်ရှားတဲ့ အရွေ့တစ်ခု ဖြစ်လာခဲ့ပါတယ်။

ထရမ့်ဟာ WHO အဖွဲ့ကြီး ကို ကာလကြာရှည် ဝေဖန်ထောက်ပြနေခဲ့သူဖြစ်ပြီးတော့ ကိုဗစ်ကပ်ရောဂါကာလ (၂၀၂၀)ပြည့်နှစ် ဇူလိုင်လ တုန်းကလည်း တစ်ခါ နုတ်ထွက်ခဲ့ဖူးပါတယ်။ WHO ကနေ နုတ်ထွက်ကြောင်းကြေညာတဲ့ သမ္မတ အုပ်ချုပ် ရေးအမိန့်မှာ တရုတ်နိုင်ငံ ၀ူဟန်မြို့ကနေ စတင်လာခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ နဲ့ တခြား ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းတွေအပေါ် WHO ရဲ့ ကိုင်တွယ်ပုံအမှားတွေကို ဝေဖန်ထားကာ အဆောတလျင် လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်ဖို့ WHO ဟာ ပျက်ကွက်ခဲ့တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် WHO အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှုကနေ သီခြား လွတ်ကင်းကြောင်း မပြနိုင်တဲ့အပေါ်မှာလည်း အခုလို နုတ်ထွက်ရတာဖြစ်ကြောင်း အဲဒီ အမိန့်ထဲမှာ ဖော်ပြထားပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံဟာ WHO အဖွဲ့ကြီးကို တခြားနိုင်ငံတွေထက်စာရင် ပိုက်ဆံအများအပြား ပေးနေရတယ်လို့ ယူဆထားသူ ဖြစ်ပါတယ်။ အခု ထုတ်ပြန်တဲ့ အမိန့်မှာလည်း WHO ဟာ အမေရိကန်ဆီကနေ မမျှတတဲ့ ငွေကြေးပမာဏကို ဆက်ပြီး တောင်းခံနေတယ်လို့လည်း ထည့်သွင်း ဖော်ပြထားတာကို တွေ့ရပါတယ်။