USAID ရဲ့ အကြီးအကဲအဖြစ် ယာယီတာဝန်ယူသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။ တနင်္လာနေ့က ဥပေဒပြုအမတ်တွေဆီပေးပို့တဲ့စာမှာ ဝန်ကြီး ရူဘီယို က သူ့အနေနဲ့ ယာယီအုပ်ချုပ်ရေးမှူးရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ပိ(တ်)မာရိုကိုထံ လွှဲအပ်ထားပြီးဖြစ်ကြောင်း ရေးသား ဖော်ပြထားပါတယ်။

ပိ(တ်)မာရိုကိုဟာ သမ္မတထရမ့်ရဲ့ ပထမအကြိမ် သက်တမ်းတုန်းက USAID ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး USAID အဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ ဖြုတ်သိမ်းတာတွေ လုပ်ခဲ့တယ်လို့ အကူအညီပေးရေးအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက စွပ်စွဲတာကို ကြုံတွေ့ခဲ့ရသူပါ။ မာရိုကိုဟာ လက်ရှိမှာလည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြည်ပအကူအညီဌာန အကြီးအကဲအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ပြည်ပအကူအညီ တွေအားလုံး ရပ်စဲဖို့ အမိန့်ညွှန်ကြားချက်တွေ မူကြမ်းရေးဆွဲခဲ့သူ ဖြစ်ပါတယ်။ မာရိုကိုဟာ အဲဒီ အကူအညီပေးရေး စနစ် ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ကောင်းကောင်းသိရှိသူဖြစ်ပြီး စနစ်တစ်ခုလုံးကို ဖြုတ်သိမ်းဖို့ အချိန် တိုင်း လုပ်နေသူလို့ အကူအညီပေးရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ထရမ့်က အဲဒီ အေဂျင်စီကို ပိတ်သိမ်းဖို့ အတည်ပြုကြောင်း အီလွန်မတ်စ်က ပြောဆိုအပြီးမှာ USAID ကို မာကို ရူဘီယိုက ယာယီတာဝန်ယူလိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ အတိုက်အခံ ဒီမိုကရက်တွေကတော့ သမ္မတအနေနဲ့ ကွန်ဂရက်ကို မတိုင်ပင်ဘဲ ဖယ်ဒရယ်အေဂျင်စီတစ်ခုကို အခုလိုမျိုး ပိတ်သိမ်းလို့ မရဘူးလို့ ဝေဖန်ထောက်ပြနေကြပါတယ်။