အမျိုးသားလုံခြုံရေး စိုးရိမ်ချက်ကြောင့် အမေရိကန်ရဲ့ သံမဏိလုပ်ငန်း(US Steel)ကို နိပွန်သံမဏိလုပ်ငန်း (Nippon Steel) က ဒေါ်လာ ၁၄ ဘီလီယံကျော်နဲ့ ဝယ်မဲ့ အစီအစဉ်ကို သမ္မတ ဂျိုးဘိုင်ဒန်က တားဆီးပိတ်ဆို့သွားမယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြာသပတေးနေ့မှာ ထုတ်ပြန်ထားပါတယ်။
နိပွန်စတီးလ် လုပ်ငန်း ဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန် သံမဏိတွေကို ဝယ်ယူဖို့ သဘောတူခဲ့ပေမဲ့ အမေရိကန်အလုပ်သမားသမဂ္ဂနဲ့ အိမ်ဖြူတော်တို့ရဲ့ ကန့်ကွက်ဟန့်တားမှုတွေနဲ့ ကြုံတွေ့လာခဲ့ရပါတယ်။
ဂျပန်အာဏာရပါတီရဲ့ အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ တာရိုကိုနိုက အစိုးရဆုံးဖြတ်ချက်တွေဟာ အလုပ်သမားသမဂ္ဂတွေရဲ့ မဲကိုရဖို့သက်သက်အတွက်နဲ့ ပြောင်းလဲမသွားသင့်ဘူးလို့ မှတ်ချက်ပြုထားပါတယ်။
အဲဒီသံမဏိဝယ်ယူရေး သဘောတူညီချက်ကို အမေရိကန် သမ္မတ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ဒီမိုကရက်တစ်ရော၊ ရီပတ်ဘလီကန်တွေကပါ ဆန့်ကျင့်မှုတွေ ကြီးထွားလာနေတာပါ။
ဩဇာကြီးမားတဲ့ အလုပ်သမား သမဂ္ဂတစ်ခုက ပင်ဆယ်လ်ဗေးနီးယားမှာ ရုံးချုပ်ဖွင့်လှစ် ထားတဲ့ အမေရိကန်သံမဏိလုပ်ငန်း ဝယ်ယူခံရမဲ့အရေးကို ဆန့်ကျင်နေပါတယ်။
ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် ဟာ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တွေအတွက်ရော၊ ရီပတ်ဘလီကန်တွေအတွက်ပါ အာရုံစူးစိုက်ရမဲ့ အရေးကြီးပြည်နယ်တစ်ခု ဖြစ်ပါတယ်။