အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်က တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းတစ်ခုမှာ တောကောင်ကြီး (၅)ကောင်ဟာ ငှက်တုပ်ကွေးကြောင့် သေဆုံးသွားပါတယ်။ သေဆုံးသွားတဲ့ ကြောင်မျိုးနွယ်ဝင် တောကောင်တွေထဲမှာ ဘင်္ဂလား ကျားတစ်ကောင်လည်း ပါဝင်တယ်လို့ ဘီဘီစီသတင်းမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြထားပါတယ်။

ဒီလို ရှားပါးအဖိုးတန် တောကောင်တွေ ဆုံးရှုံးရတဲ့အပေါ်မှာ အဖွဲ့တစ်ဖွဲ့လုံး စိတ်ထိခိုက်ပူဆွေးရကြောင်း ဝါရှင်တန် တောရိုင်းတိရစ္ဆာန် အခွင့်အရေးစင်တာက အဖွဲ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ ရေးတင်ခဲ့ပါတယ်။ အဲဒီတောကောင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလလယ်အတွင်းမှာ သေဆုံးသွားခဲ့ကြတာပါ။ အမေရိကန်နိုင်ငံမှာ ကျွဲနွားနဲ့ ကြက်ငှက် မွေးမြူးခြံတွေမှာ ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေချိန်မှာ အခုဖြစ်စဉ် ပေါ်ပေါက်လာတာပါ။

အဲဒီငှက်တုပ် ကွေးဗိုင်းရပ်စ် ကူးစက်မှုဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ထွက်လာတဲ့ အညစ်အကြေးတွေနဲ့ ငှက်-ငှက် ချင်း ထိတွေ့မှုတွေကနေတစ်ဆင့် ပျံ့နှံတာဖြစ်ပြီး ငှက်တွေကို စားသောက်တဲ့ တခြား နို့တိုက်သတ္တဝါတွေကို လည်း ကူးစက်နိုင်တာ ဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးစခန်းမှာ အသွားအလာ ကန့်သတ်ထားပြီး ကွာရန်တင်းချထားကြောင်း ဝါရှင်တန်ပြည်နယ် အာဏာပိုင်တွေက သတင်းထုတ်ပြန်ထား ပါတယ်။