ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က အာရပ်စော်ဘွားများ ပြည်ထောင်စု Ras Al-Khaimah မြို့အနီးရှိ ကမ်းလွန်ပင်လယ်ပြင်မှာ Al Jazira Air Sports Club ပိုင် အပေါ့စား လေယာဉ်တစ်စီး ပျက်ကျခဲ့တယ်လို့သိရပါတယ်။

အဆိုပါ အပေါ့စားလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ နှစ်ဦး သေဆုံးခဲ့ကြောင်း UAE အခြေစိုက် အထွေထွေမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (GCAA) က အတည်ပြုပြောကြားပါတယ်။
GCAA ထုတ်ပြန်ချက်အရ လေယာဉ်ဟာ Cove Rotana ဟိုတယ်အနီး ပျံတက်ရာမှာ ပျက်ကျခဲ့တာဖြစ်ပြီး အရေးပေါ်ဆင်းသက်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ ရေဒီယိုအဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ လေယာဉ်မှူးတွေကတော့ အိန္ဒိယ နိုင်ငံသားတစ်ဦးနဲ့ ပါကစ္စတန်နိုင်ငံသားတစ်ဦးလို့ သိရပါတယ်။
အခုလက်ရှိမှာ လေယာဉ် မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ GCAA ကတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။