ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ်အသစ်လဲလှယ်လိုသူတွေဘယ်သူမဆို ရက်ချိန်းရယူဖို့ မလိုဘဲ အလုပ်အားလပ်ရက်မှာ ရုံးဖွင့်ချိန် မနက်ပိုင်း ၁၂ နာရီမတိုင်မီ လာရောက်စာရင်းသွင်းကာ နေ့ချင်းပြီးပြုလုပ်နိုင်တယ်လို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးက စက်တင်ဘာ ၂၆ ရက်က အသိပေးထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ကိုင်နေသူတွေ၊ ရဟန်းသံဃာတွေ၊ ဆေးရုံတက်လူနာနဲ့ ဆေးရုံစောင့်သူတွေ၊ တက္ကသိုလ်အသီးသီးမှာပညာသင်ကြားနေသူတွေ၊ နိုင်ငံခြားသင်္ဘောလိုက်ပါနေသူတွေကို သတ်မှတ်ထားတဲ့စာရွက်စာတမ်းပြည့်စုံရင် ဘန်ကောက်မြို့ မြန်မာသံရုံးနဲ့ ချင်းမိုင်မြို့ကောင်စစ်ဝန်ချုပ်ရုံးတို့မှာ နေ့ချင်းပြီးအသစ်လဲလှယ်ပေးတာကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်အသီးသီးက လုပ်သားတွေကို စက်ရုံတာဝန်ခံတွေက အုပ်စုဖွဲ့ပြီး စာရွက်စာတမ်းပြည့်စုံစွာနဲ့ ခေါ်လာရင်လည်း နေ့ချင်းပြီးဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။
ဒါ့အပြင် အချို့ အလွတ်တန်းဝန်ဆောင်မှုပေးနေတဲ့ ကိုယ်စားလှယ်တွေက ဈေးနှုန်းများစွာဖော်ပြပြီး ဆွဲဆောင်စည်းရုံးနေတယ်လို့ မီဒီယာတွေမှာ တွေ့ရှိနေရတာကြောင့် မိမိကိုယ်တိုင်လာရောက်ပြုလုပ်ကြဖို့နဲ့ မလိုအပ်ဘဲငွေကုန်ကျမှုမခံကြဖို့ကို လည်းအသိပေးထုတ်ပြန်ထားပါတယ်။