Entertainment Complex ရဲ့ အစီအစဥ်အောက်မှာ ပါလာမယ့် ထိုင်းနိုင်ငံရဲ့ လောင်းကစားပိုင်းဆိုင်ရာ အကောင် အထည်ဖော်မှုမှာ “တာဝန်ယူမှု အပြည့်ရှိတဲ့ လောင်းကစားမှုပုံစံ”နဲ့ စနစ်တကျ အကောင်အထည်ဖော်သွားမယ်လို့ ထိုင်းအစိုးရက ပြောကြားလာတာကို Bangkok Post သတင်းမှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ လောင်းကစား၊ ကာစီနိုဝိုင်းတွေကို လာရောက်မဲ့သူတွေရဲ့ ရာဇဝတ်ပိုင်းဆိုင်ရာတွေနဲ့ ငွေကြေး ဥစ္စာ တောင့်တင်းခိုင်မာမှု စတဲ့ နောက်ခံ အကြောင်းအရာကို သေချာလေ့လာသွားမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောကြားထားပါတယ်။ အခုလို ဖျော်ဖြေရေးစင်တာတွေက ထိုင်းနိုင်ငံကို ဆိုးရွားသွားစေမှာ မဟုတ်သလို စင်ကာ ပူ၊ ဒူဘိုင်း၊ ဂျပန်နဲ့ အမေရိကန်တို့လို နိုင်ငံတွေကလည်း အခုလို နည်းလမ်းတွေနောက် လိုက်လာရမယ်ဆိုတာ သိပါတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ကမ်းခြေတွေက ခရီးသွားတွေကို ဆွဲဆောင်ဖို့ အမြဲတမ်း အလုပ် မဖြစ်တာကြောင့် လူသားတွေ ဖန်တီးထားတဲ့ ပျော်စရာတွေက ထိုင်းမှာရှိဖို့ လိုတယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

ဂျပန်မှာလည်း သိပ်မကြာခင်က ကျွန်းတစ်ခုလုံးကို လူတွေအတွက် ပျော်စရာ အစီအစဥ်တွေ အများအပြား ပါဝင် မယ့် ဖျော်ဖြေရေးစင်တာတစ်ခုကို ၅ နှစ်အတွင်း အကောင်အထည်ဖော်ဖို့ ရှိနေတဲ့အတွက် ထိုင်းနိုင်ငံကလည်း ဒါကို အမီလိုက်မယ်၊ ခရီးသွားတွေကို တစ်နှစ်ပတ်လုံး ဆွဲဆောင်မယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒီကာစီနိုနဲ့ ဖျော်ဖြေရေးစင်တာတွေ တည်ဆောက်မှုက ထိုင်းနိုင်ငံမှာ ဘာသာရေးအဖွဲ့တွေနဲ့ အစိုးရကြား အငြင်း ပွားမှုဖြစ်နေပြီး ဒီဥပဒေနဲ့ အကောင်အထည်ဖော်တာတွေကို ရပ်တန့်ဖို့ ဖိအားပေးနေတာတွေလည်း ရှိနေပါတယ်။