လေကြောင်းလိုင်းမဟာဗျူဟာ အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်အခြေစိုက် Boeing ကုမ္ပဏီကနေ လေယာဉ်တွေ ဝယ်ယူဖို့ သဘောတူညီမှု ရခဲ့တယ်လို့ Thai Airways International(THAI)က ကြေညာချက် ထုတ်ပြန် ထားတာကို Thaiger သတင်းမှာ ရေးသားထားပါတယ်။ အဲဒီသဘောတူညီချက်ထဲမှာ GEnx အင်ဂျင်တပ်ဆင်ထားတဲ့ Boeing 787-9 Dreamliners ၄၅ စင်း ၀ယ်ယူရေး အစီအစဉ်လည်း ပါဝင်ပါ တယ်။

ဒီလှုပ်ရှားမှုဟာ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုတွေကို လျှော့ချဖို့ ထိုင်းအစိုးရရဲ့ ကြိုးပမ်းမှုတွေ ကို အထောက်အကူဖြစ်စေဖို့ မျှော်လင့်တယ်လို့လည်း THAI အမှုဆောင်အရာရှိချုပ် ချိုင်းအန်နီဆန်က ပြောပါတယ်။THAI အမှုဆောင်အရာရှိချုပ်က လက်ရှိလေယာဉ် ၈၅ စင်းကနေ ၂၀၂၇ ခုနှစ်မှာ ၁၁၆ အထိ တိုးမြှင့်ဝယ်ယူသွားမှာ ဖြစ်ပြီး ၂၀၃၃ ခုနှစ်မှာတော့ လေယာဉ်အစင်းရေ ၁၅၀ အထိ ပိုမိုဝယ်ယူသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ထိုင်းကုန်ပစ္စည်းတွေအပေါ် အမေရိကန်က ၃၆ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်မှုကို လျော့ပါးစေဖို့အတွက် ရည်ရွယ်ပြီး ထိုင်းအစိုးရက စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။