အပျော်အပါးတွေနဲ့ လိင်လုပ်ငန်းတွေမှာ နာမည်ကြီးတဲ့ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေ မြင့်တက်လာတဲ့အတွက် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူတွေကို ထိထိရောက်ရောက်အရေးယူဖို့ AI နည်းပညာသုံး ဒရုန်းတွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ VN Express သတင်းမှာ ဖော်ပြပါရှိပါတယ်။

ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Thaiger ရဲ့အဆိုအရ အာဏာပိုင်တွေက ဒရုန်းတွေကို လူအစုအဝေးတွေ ထဲကနေ မျက်နှာကိုစစ်ဆေးနိုင်တဲ့ AI စနစ်နဲ့ ချိတ်ဆက်သုံးစွဲမယ်လို့ ဆိုပါတယ်။ အဲဒီစနစ်က ဖမ်းဆီးဖို့ ကျန်ရှိနေ သူတွေ ဒါမှမဟုတ် ဗီဇာသက်တမ်းကုန်ဆုံးသူတွေကို သတ်မှတ်ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။အဲဒီအစီအစဉ်ကို မြို့တော်ဝန်က ဇွန်လ ၉ ရက်မှာ ဆွေးနွေးခဲ့ပြီး ပတ္တရားမြို့မှာ နေထိုင်သူတွေနဲ့ ဧည့်သည်တွေ အတွက် လုံခြုံနွေးထွေးမှုရှိတဲ့ မြို့ပုံရိပ်ကို ပြန်လည်အသက်သွင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ပတ္တရားမြို့ဟာ ပြည်တွင်းနဲ့နိုင်ငံတကာခရီးသွားတွေအတွက် နာမည်ကြီးတဲ့ ခရီးသွားနေရာ တစ်ခုဖြစ်ပေမယ့် မကြာသေးမီကစပြီး ခရီးသွားတွေအကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတဲ့ ရာဇဝတ်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်ပွား လာနေတယ်လို့ သိရပါတယ်။